သူရဲကောင်းအဖေနှင့် ကျွန်တော်သားမိုက်
အဖေကျွန်တော် ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်ဗျာ ဆိုတော့
နေပါစေ ငါ့သားရာ ကိုယ်က မပြည့်စုံတော့ ဘယ်သူ့ကို မှ သမီးလို့ မခေါ်ရဲပါဘူး တဲ့
တောသားကြီး အဖေ ဘုန်းကြီးကျောင်းပညာရေးနဲ့ အဖေ့စကားရိုးရိုးကြီးတွေကို ကျွန်တော်ဘယ်လို နှစ်သိမ့်ရမှန်း မသိလောက်အောင်ကို ဆွံ့အ ခဲ့တာ
မင်းအစ်မ ယောကျာင်္းလည်း သူကတော့ အဖေလို့ ခေါ်ပါတယ်တဲ့
ဒါပေမယ့်ကွာ တဲ့ ငါ သားလို့ မခေါ်ရဲဘူးကွာ တဲ့
ကျွန်တော် မိုက်ခဲ့တာပါ ဘယ်လောက် ပညာတွေ သင်ခဲ့သင်ခဲ့
ဘယ်တော့မှ တာဝန်မကျေခဲ့ဘူး
တမင်လုပ်ယူတာ မဟုတ်တဲ့ အဖေ့ရဲ့ ရိုးသားမှုတွေထဲမှာ ကျွန်တော် သင်ယူလို့ မကုန်တဲ့ ပညာတွေ ရှိလေရဲ့
ကျွန်တော်မှတ်မိသေးတယ်........
........................................
..........................................
ကျွန်တော် ၉ တန်း ရွာကနေ ခွဲပြီး ဆိုင်ပြင်ကို ကျောင်းသွားတက်ရတယ်
ကျွန်တော် ကျောင်းပိတ်လို့ ပြန်လာမယ်ဆိုတိုင်း သူကိုယ်တိုင် ပေါက်တူးတစ်လက်ကိုင်ပြီး လယ်ကြွက်ထွက်တူးလေ့ရှိတယ်
ကျွန်တော် သိပ်ကြိုက်တယ်လေ (အဲအချိန်တုန်းက အဖေက အသက်အရွယ်အရ လယ်အလုပ်ကိုတောင် ပင်ပင်ပန်းပန်းဆို မလုပ်တော့ပါဘူး ဒါပေမယ့် ကျွန်တော် ပြန်လာမယ်ဆိုတိုင်း အခုချိန်အထိ လယ်ကြွက်ထွက်တူးနေဆဲပဲ အခု ကျွန်တော့် အသက်က ၂၂)
ကျွန်တော့် သူငယ်ချင်းတွေ အလည်လိုက်လာမယ်ဆိုရင် နည်းနည်း လည်လည်ဝယ်ဝယ်ရှိတဲ့ အမေက ကော်ဖီ လက်ဖက်ရည် ကိတ်မုန့် အဲလို မုန့်မျိုး စုံဝယ်လေ့ရှိပေမယ့် အဖေက တော့ ဟာ ဒါဆို ငါကြွက်တူးထားလိုက်မယ်ဆိုတာ မျိုး ပဲ ပြောလေ့ရှိတယ်
ကျွန်တော့ သူငယ်ချင်းတွေလည်း မြို့က ဆိုတော့ ကြွက်သားဆိုတာကို ရွံ့ကြပါတယ်
ဒါပေမယ့် ကျွန်တော်တို့အိမ်မှာ ချက်ပြုတ် ထားတာတွေစားပြီးတဲ့ အခါ သူတို့ ကျွန်တော်တို့ အိမ်ကို ကြွက်သားစားဖို့ တစ်ခုတည်း အတွက် ကြိုပြောပြီး အလည်လာလေ့ရှိပါတယ် အဖေက လည်း သိပ်ဂုဏ်ယူပါတယ် သူ့အတွက် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်ကျင်းပခွင့် ရသလိုပဲလေ (ဒါပေမယ့် ငွေကုန်ကြေးကျ မများပါဘူး)
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ကျွန်တော်မှတ်မိသေးတယ်
ကျွန်တော့် အစ်မ အိမ်ထောင်မကျခင် အစ်မရည်းစားက အိမ် အလည်လာရင် အဖေက တခြားဘာမှ မသိဘူး ပေါက်တူးတစ်လက် ကိုင်ပြီး ကြွက်တူးပဲ ထွက်လေ့ရှိတယ် အဲလိုလုပ်ပေးရတာလည်း သူကျေနပ်တယ် သူများတွေက ကဲ့ရဲ့မှာ ဘာညာ ကိုယ်က သမီးရှင်ပဲ တင်းထားမယ် ဘာညာ တကယ် မရှိခဲ့တာပါ
(တစ်ခါတစ်လေ အစ်မ ရည်းစားနဲ့ အစ်မ စကားပြောနေရင် သူကရှောင်တောင် ပေးသေးတယ် အဲလောက် ရိုးတာ)
ကျွန်တော့် အစ်မရည်းစား အိမ်အလည်လာရင် ကျန်တဲ့သူတွေက နည်းနည်း ခပ်တည်တည်နေပေမယ့် သူက ပြာနေတာပဲ(ကျန်တဲ့လူတွေ ခပ်တည်တည်နေနေလို့လည်းဖြစ်နိုင်တယ် ) ရေခပ်ပေးရတာနဲ့ ယပ်တောင်ရှာပေးရတာနဲ့ ဂုဏ်သရေရှိအမည်ခံ အသိုင်းအ၀ိုင်းရဲ့ အမူအကျင့် ဟန်ဆောင်မှုတွေ သူနားမလည်ပါဘူး
အစ်ခု အစ်မကလည်း အိမ်ထောင်ကျနေပါပြီ ဒါပေမယ့် သူကတော့ အရင်အတိုင်းပါပဲ သမက်ဖြစ်သွားလို့ဆိုပြီး ဘာညာ ငါကယောက္ခမဆိုတဲ့ ဂုဏ်သိက္ခာနဲ့ တကယ် မနေတတ်ပါဘူး သားမက်နဲ့ သမီး အိမ်အလည်လာမယ်ဆိုရင် ကြွက်တူးဖို့ စိုင်းပြင်းဆဲပါပဲ။ အဖေက သားသမီးတွေ အပေါ် လုံးဝ တတ်သိနားလည်မှုရှိတဲ့သူ သားသမီးတွေ လိုအပ်သမျှဖြည့်ဆည်းပေးနိုင်သူ မဟုတ်ပေမယ့် သူ့မှာရှိသမျှ ချပြရဲတဲ့သူပါ သူတတ်သမျှအစွမ်းကုန်ဖြည့်စည်းပေးတဲ့သူပါ
ကျွန်တော်က မတောက်တခေါက်ပညာရေးနဲ့ ကဗျာရေးရင် သူက နားမလည် ပါးမလည်နဲ့ အားပေးတဲ့သူပါ
ကျွန်တော်က မတောက်တခေါက် သီချင်းလေးဆိုတော့ သူကခွေလေးကိုင်ပြီး တစ်ရွာလုံးကို ပတ်ကြွားတဲ့သူပါ ကျွန်တော့်ရဲ့ အမာခံ ပရိတ်သတ်ပါ
သင်္ကြန်မှာ ရွာအရပ်ဇာတ်ကတော့ ကျွန်တော့်သီချင်းဆိုတဲ့ကလေးတစ်ယောက်ကို မုန့်ဖိုး ၅၀၀၀ ဆုချပါတယ် (ရွာမှာဆို ၃ ရက်လုပ်ခစာရှိပါတယ်။ ဒါပေမယ့် အခုခောတ် နိုင်ငံရေးမြူစွယ်မှုတွေနဲ့တော့ မတူပါဘူး)
အဖေက ရဲရင့်သလို အားလည်း ငယ်တတ်ပါတယ်
အသက် ၅၀ ကျော်မှ စီးပွားရေးအခြေအနေအရ(ကျွန်တော်မိုက်ခဲ့တာက အဓိကပါ)
တစ်နယ်တစ်ကြေးကို အလုပ်ကြမ်းထွက်လုပ်ရပါတယ်
ပထမတစ်ခေါက် ဖားကန့်သွားတုန်းက ကျွန်တော်လည်းပါပါတယ်
ကျွန်တော်က ကျောင်းတက်ရမှာမို့ ပြန်တော့ သူတစ်ယောက်တည်း ကျန်ခဲ့တော့ ချုံးပွဲချတောင် ငိုပါတယ်
ဖားကန့်မှာတုန်းက ကျွန်တော်က ကျောက်ရှာ သူက နေ့စားလုပ်ပါတယ် နေရတာလည်း မတုပါဘူး ခွဲနေရပါတယ်
တစ်ခါတစ်လေ သူကျွန်တော့်ဆီ လာရင် သူ့သားကျန်းမာရေးတက္ကသိုလ်ကျောင်းသားကြီးကို ငါ့သား မင်း ဟိုဟာ ဒီဟာတွေ လုပ်ရင် ဘယ်လို အကာအကွယ် သုံး ဘာညာ ဆုံးမပါတယ်
တကယ်က သူလည်း သိတာမဟုတ်ပါဘူး ဒါပေမယ့် မလုပ်နဲ့လည်း မတားရှာပါဘူး
အဲတော့မှာ ကျွန်တော်တို့က ရယ်ပြီး အဖေရယ် ကျွန်တော်က ကျန်းမာရေးတက္ကသိုလ်ကျောင်းသားတစ်ယောက်လေ မေ့နေတာလား ဒါတွေ သိပါတယ်ဗျ စိတ်ချပါ မလုပ်ပါဘူးဆို မှ သူက ရယ်ကြဲကြဲနဲ့ အေးပါကွာ သဘောပြောတာပါဆိုပြီး ရှောချသွားပါတယ်
နောက်ပိုင်း ဖားကန့်က အလုပ်အဆင်မပြေတော့ မိုးကုပ်ကို သွားပါတယ်
တစ်ခါတစ်လေ ဖုန်းဆက်တိုင်းလည်း ငိုသံပါကြီးနဲ့ ငါ့သား စာကြိုးစားကွာနောဆိုပြီး မှာလေ့ရှိပါတယ် (ကျွန်တော်က မလိမ္မာပါဘူး )
ကျွန်တော် စာမေးပွဲကျတိုင်း မာန်မာနကြီးတဲ့ အမေက ကျွန်တော့်ကို စိတ်ကုန်နေတဲ့ မျက်နှာပြလေ့ရှိပေမယ့် အဖေကတော့ ငါ့သားရာ ဆိုတဲ့ စကားလောက်ပဲပြောပါတယ်
ကျွန်တော်ကျောင်းပြီးရင် ဆိုတဲ့ စိတ်ကူးတစ်ခုရှိပါတယ်
မိသားစုအရေး သားရေး သမီးရေးတွေပဲ ရုန်းကန်နေရရှာတဲ့ အဖေနဲ့ အမေကို ဘုရားတရားလေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်စေချင်တယ် ကျွန်တော်ကမှ တရားစခန်းဘာညာ ၀င်ဖူးသေးတယ် ကျွန်တော့်အဖေနဲ့ အမေက တစ်ခါမှ မ၀င်ဖူးသေးပါဘူး ဥပုပ်တောင် နေ့တစ်ဝက်လောက်ပဲ စောင့်ဖူးကြတာပါ
မတော်တဆ .................များ ဆိုတဲ့ အတွေးတစ်ခုကို ကျွန်တော် စိုးရိမ်ပါတယ် အလွန်စိုးရိမ်ပါတယ်
ဒါကြောင့် ကျွန်တော်ကျောင်းပြီးတာနဲ့ အဖေနဲ့ အမေကို တရားစခန်း ရက်ရှည် ၀င်အောင်တိုက်တွန်းမယ် အိမ်အလုပ်တွေ စီးပွားရေး ကိစ္စတွေ ကျွန်တော်ကြိုးစားရုန်းကန်မယ် ဒါက ကျွန်တော့် ဦးစားပေးရည်ရွယ်ချက်ပါ
ဒါပေမယ့်လည်း သိပ်ချစ်စရာကောင်းတဲ့ မိဘ နှစ်ပါးမှာ သိပ်ဆိုးတဲ့ သားတစ်ယောက်ရှိလေရဲ့
တစ်အိုးတည်းချက်တာချင်းအတူတူ အနပ်မညီတဲ့ကျွန်တော်က အခုထိ ကျောင်းမပြီးသေးပါဘူး.................
No comments:
Post a Comment